မှောင်တွင်စမ်း၍ လှမ်းရသော.......(၄) အဆက်
_မှောင်တွင်စမ်း၍ လှမ်းရသော......._
_(၄)_
အဆက်…
သတ္တဝါ ဆိုသော ခန္ဓာကိုယ်ထဲ၌
ရုပ်ကိုညွှန်ကြားခိုင်းစေတတ်သော
(အတ္တကောင်)ရှိသည်ဟု ယုံကြည် ကြသည်။
ခန္ဓာကိုယ်ကို သူကအစိုးရ၏။
ဤသို့ မိမိအစိုးရသည်ဟု ထင်နေသောရုပ်ကို စွန့်ခွာရတော့ မည်ဆို သောအခါ တုန်လှုပ်ကြသည်။
"ငါ၊ ငါ့ဟာ" ဆိုသော အတ္တအရင်းခံသည့် စိတ်ကြောင့် သေရမည်ကို ကြောက်လန့်သည်။
ဘုရားရှင်က ခန္ဓာတွင် အခိုင်အမြဲ အတ္တမရှိ၊ အနတ္တခန္ဓာသာ ဖြစ်သည်၊
သူ့သဘော သူဆောင်နေသည်ဟု ဟောသည်ကို နား ကကြားသော်လည်း
ထိရာက်သည့် နှလုံးသွင်းမှု အကျင့်တရားမရှိ၍ ...
သေခြင်းနှင့် ပက်ပင်းကြုံသောအခါ
စိတ်နှလုံး တို့ ပရမ်းဗတာ ဖြစ်ကုန်သည်။
သဘာဝ ဓမ္မအဖြစ် အချိန်တိုင်း သေဆုံးပျောက်ကွယ်နေသော _သန္တတိမရဏ_
နှင့် _ခဏိကမရဏ_ ကို မ မြင်လျှင်... အနတ္တကို သဘောမပေါက်။
အနတ္တကို သဘောမပေါက်လျှင်
ငါစွဲအတ္တကို မစွန့်လွှတ်။
ငါစွဲကို မစွန့် လွှတ်နိုင်၍ တစ်ဘဝသေခြင်း
အဒ္ဓါမရဏ ကို သေခြင်းအစစ်ကြီး ဟု ထင်သည်။
ထို့ကြောင့် သေခြင်းကို ကြောက် သည်။
“ရဟန်းတို့ အတ္တဝါဒကို စွဲယူသူအား ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူ ပန်ခြင်းတို့ မဖြစ်နိုင်မူ ထိုအတ္တဝါဒကို စွဲယူရာ၏။ သို့သော်လည်း စွဲယူသူအား ပူဆွေးခြင်း၊ ငိုကြွေးခြင်း ၊ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူ ပန်ခြင်းတို့ မဖြစ်နိုင်ရာသော အတ္တဝါဒမျိုးကို သင်တို့ မြင်ကြကုန် သလော ..
အရှင်ဘုရား မတွေ့မြင်ကြပါ..
ရဟန်းတို့ ကောင်းပေစွ၊ စွဲယူသူအား ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူ ပန်ခြင်းတို့ မဖြစ်နိုင်ရာသော အတ္တဝါဒမျိုးကို ငါလည်းမမြင်..” ( အလဂဒ္ဒူပမသုတ်)
တစ်ခါက လူတစ်ယောက်သည်
" ခန္ဓာဆိုတာ(ငါ-အတ္တမဟုတ်)
အနတ္တတရား ၊
ပရမတ်သဘော တွေသာ၊
သူ့သဘောသူဆောင်နေတဲ့ အရာဖြစ်တယ်" ဆိုသည့်တရားကို အမှတ်တမဲ့ ကြားနာမိသည်။
ကြားမိသည့်အတိုင်း ဆင်ခြင်လိုက်သောအခါ အလွန်ထိတ်လန့်သွားသည်။
ငါ ဆိုတာသာ မရှိရင် ဆိုပြီး....
" စိတ်က ထောက်တည်ရာမဲ့သွားသည်။
ခိုကိုးရာကိုရှာမတွေ့တော့ဘဲ၊ ဟာလာဟင်းလင်း တွယ်ရာမဲ့သဘောကို မြင်ပြီး ချောက်နက်ကြီးထဲကို ကျသွားသလို ခံစားလိုက်ရသည့်အတွက်
တရားဆက်မနာနိုင်တော့ဘဲ တဟုန်ထိုး ထွက် ပြေးတော့သည်။
ငါစွဲစိတ် သိပ်အားကြီးနေသောအခါ
ငါပျောက်သွားမှာကို မလိုလားပေ။
ငါကို ကိုးစားနေသူအဖို့ ငါမရှိ ဟုဆိုလျှင် အားကိုးရာ မဲ့သွားသလို အားငယ်မှု ခံစားရသည်။
နှလုံးသွင်းမှန်မှန်နှင့် တရားဆက်နာပါက
ငါမရှိခြင်း ၏ လွတ်လပ်မှု ကို နားလည်ပြီး အရိယာပင် ဖြစ်နိုင်ပါသည်။
သတ္တဝါတို့ကို ထွက်ပေါက်ပိတ်ကာ မွန်းကြပ်သည်အထိ ချုပ်နှောင်ထားသည့် တရားခံမှာ ထို “ငါ” ပင် ဖြစ်သည်။
“ငါ” ကို အရှိ ထင်နေသမျှ လွတ်လပ်မှု မရနိုင်။
ဒဿနဆရာတစ်ဦးက
"ငါတွေးသည် ၊ ထို့ကြောင့် ငါရှိသည်" ဟု ပြောသည်။
တွေးတတ်သည့် စိတ်ကို ငါ(အတ္တ)လုပ်ပြီး" ငါ(အတ္တ)ရှိသည်" လို့ ကောက်ချက်ဆွဲခြင်း ဖြစ်သည်။
အမှန်တွင် " တွေးတတ်သည့် သ ဘောက တွေးသည် ၊ ထို့ကြောင့် တွေးစိတ်ရှိသည်" လို့ပဲ ဖြစ်ရမည်။
ငါရှိလျှင် သူလည်းရှိတော့သည်။
သူရှိလျင် သူ့ကိုတွယ်တာမှု ဖြစ်သည်။
မိမိအတွယ်တာသည့် အရာ ကို စွန့်လွှတ်ဆုံးရှုံးမခံဝံ့ ။
သေခြင်းတရားကို ရင်မဆိုင်ရဲ။
အလွန်ကျော်ကြားသော ပန်းပုဆရာကြီး တစ်ယောက်ရှိသည်။
သူထုလုပ်သော ပန်းပုရုပ်များသည် သက်ရှိနှင့်ခွဲ၍ မရလောက်အောင်အထိပင် လက်ရာမြောက်သည်။
သူ၏ ပန်းပုအတတ်ပညာ ကျွမ်းကျင်မှုသည် အတိုင်းတိုင်း အပြည်ပြည်ထိအောင် ဂုဏ်သတင်းမွှေးသည်။
ပန်းပုဆရာကြီးသည် သူ၏အသက်မွေးဝမ်းကျောင်း ပန်းပုလုပ်ငန်းကို လုပ်ကိုင်ရင်း အသက်အရွယ်ကြီး ရင့်လာကာ သေခါနီးအချိန်သို့ ရောက်လာခဲ့သည်။
ပန်းပုဆရာကြီးသည် သေရမည်ကို အလွန်စိုးရွံ့နေသည်။
သေချိန်နီးလာလေ သေခြင်းအကြောင်းကို မကြားဝံ့လေပင် ဖြစ်သည်။
သေမင်းမမြင်နိုင်သည့် နည်းလမ်းရရန် အကြံထုတ်လျက် ရှိသည်။
ပန်းပုဆရာကြီးသည် သူ၏အတတ်ပညာ
ဖြင့် သေမင်းကို လှည့်စားရန် အကြံရသွားသည်။
သူနှင့်ပုံတူ ရုပ်ထု ဆယ့်နှစ်ရုပ်ခန့် ထုလုပ်ထားသည်။
အချိန်တန်၍ သေမင်းလာသောအခါ
သူထုလုပ်ထားသော အရုပ် များကြား၌ မတ်တပ်ရပ်ကာ ငြိမ်နေလိုက်သည်။
သေမင်း ဇဝေဇဝါ ဖြစ်သွားသည်။ သူခေါ်ရမည်က တစ်ယောက်သာ ဖြစ်သည်။
ယခု ဆယ့်သုံး ယောက် ဖြစ်နေသည်။
ဘယ်ဟာက ပန်းပုဆရာအစစ်မှန်း မခွဲတတ်တော့ချေ။
သေမင်း ဦးနှောက်ခြောက်လျက် ဘယ်သူက ပန်းပုဆရာအစစ်လဲဟု ဘုရားသခင်အား ပြန်မေးသည်။
ဘုရားသခင်က ပုန်းပုဆရာ အစစ်ကို သိနိုင်ရန် နည်းလမ်း သင်ပေးလိုက်သည်။
သေမင်း ပန်းပုဆရာကြီးဆီ ပြန်လာသည်။ ပန်းပုဆရာကြီးက ရုပ်ထုများနှင့် ရော၍ရပ်ကာ ငြိမ်နေ ပြန်သည်။
သေမင်းသည် တစ်ခုချင်းဆီကို စေ့စေ့စပ်စပ်ကြည့်၍
“အင်း...လက်ရာကတော့ အားလုံးကောင်း ပါတယ်၊ အပြစ်ပြောစရာဆိုလို့ တစ်ခုပဲရှိတယ်” ဟုပြောလိုက်သောအခါ..။
“ဘာ.. ဘာကွ..ငါ့အရုပ်တွေက ဘာအပြစ်ပြောစရာ ရှိနေလို့လဲ” ဟုအော်ဟစ်ကာ ပန်းပုဆရာကြီး သည် တရှူးရှူး ဒေါသထွက်လျက် ငြိမ်နေရာမှ ထွက်လာတော့သည်။
ပန်းပုဆရာကြီးသည် အရုပ်ကို အရုပ်မှန်းသိ၍ သူ့ကိုသူလည်း သူမှန်းသိနေသည်။ မည်မျှပင် လက်ရာ မြောက်သော အရုပ်များဖြစ်စေကာမူ အရုပ်က အရုပ်၊ ငါကငါ ဟု ခွဲခြားထားသောအသိ သူ့တွင် ရှိသည်။
‘ငါ’ ဆိုသော အသိကို မဖျောက်နိုင်ဘဲ
‘ငါ’ ကို အရှိဟု ယူဆထားသောအခါ ထို ‘ငါ’ ကြောင့်.. ‘ငါ့ဥစ္စာကွ၊ ငါကွ’ ဆိုသော တဏှာ၊ မာနများ ထပ်ဆင့် ပေါက်ပွားလာရသည်။
“ငါ” ရှိသောသူကို သေမင်းက တွေ့အောင် ရှာတတ်ပါသည်။
“ငါ” မရှိသောသူကို သေမင်းမမြင် ချေ။
သေခြင်းကို ကြောက်စရာတစ်ခုအဖြစ် ခံယူထားသည့် လူသားသည် ‘သေရတော့မည်’ ဆိုသောအသိ ဝင်လိုက်သည်နှင့်.. ဆောက်တည်ရာမဲ့ တုန်လှုပ်ချောက်ချားစိတ် ဖြစ်ပေါ်လာသည်။
သည်ခံစားမှုက အလွန့်အ လွန်ကို ဆိုးပါသည်။
ငါ ဆိုသည့် အစွဲရှိနေသည့်အတွက် ‘ငါ လောကကြီး ထဲက ပျောက်ကွယ်ရတော့မယ်၊
ငါချစ် သော ငါပိုင်ဆိုင်သော အရာတွေနဲ့ ခွဲခွါရတော့မယ်၊
နောင်ဘဝ ဆိုတာမှာလည်း ငရဲရောက်သွား ရင်ကော’ စသည့် စိုးရိမ်စိတ်ကြောင့် ‘ဟိုး…..ချောက်ကမ်းပါး နက်နက်ကြီးထဲကို ရုတ်တရက် ပြုတ်ကျသွားလို ဟာကနဲ ဟင်ကနဲ အင့်ကနဲ’ ဖြစ်သွားသည်။
အတွေးထဲမှာပင် တော်တော်ကြီးကို ချောက်ချားစေ ပါသည်။
ဘာမှ ပြင်ဆင် ခွင့် မရလိုက်ဘဲ သည်ခံစားမှုနှင့် သေပါက ဘဝကောင်း ရဖို့လည်း ခက်နေပြန်သည်။
ဆက်ရန်…
အရှင်ပညာသီရိ။
(ရမ္မာကျွန်း)
မှောင်တွင်စမ်း၍ လှမ်းရသော.....(၁)
https://rangoonmindful.blogspot.com/2022/09/blog-post_23.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၂)
https://rangoonmindful.blogspot.com/2022/09/blog-post.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၃)
https://rangoonmindful.blogspot.com/2022/09/blog-post_52.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၄)
https://rangoonmindful.blogspot.com/2022/09/blog-post_9.html
မှောင်တွင်စမ်း၍ လှမ်းရသော... (၅) အဆက်
https://rangoonmindful.blogspot.com/2022/09/blog-post_15.html

Comments
Post a Comment