မှောင်တွင် စမ်း၍ လှမ်းရသော (၂) အဆက်…

မှောင်တွင် စမ်း၍ လှမ်းရသော (၂) အဆက်…



 (၂)


“သက်တန်းပြည့်၍ သေခြင်း(အာယုက္ခယ)၊ ကံကုန်၍ သေခြင်း(ကမ္မက္ခယ)၊ 

သက်တန်းကလည်းပြည့် ကံကလည်းကုန်၍ သေခြင်း(ဥဘယက္ခယ)၊ 

ထင်မှတ်မထားသော မတော်တဆထိခိုက်ခြင်း၊ ရောဂါရခြင်း အ ကြောင်းတို့ကြောင့် သေခြင်း(ဥပစ္ဆေဒကကံ)” 


သေခြင်းလေးမျိုးသည် သတ္တဝါတို့ လက်တစ်ကမ်းတွင် ရှိနေ သည်။


လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းသည် ကြားပယောဂ ကင်းလွတ်ပါလျှင် အဖြောင့်ပြေးနိုင် သော်လည်း သတ်မှတ် Target ရှိပြီးဖြစ်၍ ထိုထက်ပို၍ လေတွင် လွတ်လွတ် လွင့်မြူးခွင့်မရ။ 

ဘဝဆို သည် ကား ဝင်ခွင့်မှတ်ပုံတင်ကတည်းက expire date သတ်မှတ်ပြီးသား ဖြစ်သည်။


 သတ္တဝါတို့သည် ဘဝမှာ အရာရာ ပြည့်စုံဖူလုံမှု နှင့် အသက်ရှင်ချင်သည်။ 


ကျန်းမာရေးကောင်းကောင်း၊ အလုပ်ကောင်းကောင်း၊ ဝင်ငွေကောင်းကောင်း၊ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ချစ်ခင်ဖွယ် မိသား စုကောင်းကောင်းနှင့် 

မကြောင့်မကြ နေလိုလှသည်။ 

တောင့်တသည်။ ရှာဖွေသည်။ လက်တွေ့ဘဝတွင် မပြည့့်စုံ လျင်သော်မှ 

စိတ်ကူး နှင့် ခဏတာဖြစ်ဖြစ် တွေးတော ကျေနပ်နှစ်သိမ့်သည်။


ရဟန်းဆိုလျင် ကျောင်းကန်၊ ဆွမ်းကွမ်း၊ ဆေးဝါး ပြည့်စုံစွာ သီတင်းသုံးချင်သည်။ လိုအပ်ချက် လိုလို၊ လိုချင်မှုလိုလို နှင့် ကိုယ်ပိုင်ကားလေးပင် စီးချင်သည်။


တဏှာမကုန်သေး၍ ကာမဂုဏ်အကောင်း ခံစားလိုခြင်းကို အပြစ်တော့ မဆိုသာ။ စည်းစိမ် ချမ်းသာ ခံစားရခြင်း ဆိုသည်ကလည်း အတိတ်ကုသိုလ်ကံ၏ အကျိုးဆက်ပင် မဟုတ်ပါလား။


ဘဝတွင် တောင့်တသော အရာများ 

အမြဲပြည့်စုံသည်ဟူ၍ မရှိသလို 

မတောင့်တသည့် အရာများလည်း ကြုံလာနိုင်ကြောင်း မျှော်လင့်ထားသင့်သည်။ အချိန်မရွေး နေရာမရွေး သေသွားနိုင်သည်။ စီးပွားပျက် သွား နိုင်သည်။ 

ကင်ဆာလိုရောဂါမျိုး မဖြစ်လာဘူး ဟူ၍လည်း မပြောနိုင်။ 

အဆိုးလောကဓံ မကြုံချင်လည်း ကြုံလာ နိုင်သည့်အတွက် ခံနိုင်ရည်ရှိအောင် စိတ်ကို လေ့ကျင့်ထားရမည် ဖြစ်သည်။ 


အခါတစ်ပါးတွင် မဟာဓနကုန်သည်ကြီးသည် လှည်းငါးရာဖြင့် အဝတ်ပုဆိုးတို့ကိုတင်၍ သာဝတ္ထိပြည် သို့ ကုန်ရောင်းရန်လာသည်။ 

သာဝတ္ထိပြည်တွင် နက္ခတ်ပွဲသဘင်ရှိသဖြင့် သူ၏ အဝတ်ပုဆိုးတို့ အရောင်းသွက် ၍ စျေးကောင်းလည်းရမည် ဖြစ်သည်။


မြစ်ကမ်းနားသို့ ရောက်သောအခါ လှည်းတို့ကိုဖြုတ်၍ နားနေပြီး နောက်နေ့မှ မြစ်ကိုကူးရန် စီမံသည်။ 

ညည့်အချိန်တွင် မိုးကြီးလေကြီး ရွာသဖြင့် မြစ်ရေတက်လာသည့်အတွက် တစ်ဘက်ကမ်းသို့ မကူးနိုင်တော့ ချေ။ 

ခုနှစ်ရက်ပတ်လုံး မြစ်ကမ်းပါး၌ သောင်တင် နေတော့သည်။


နက္ခတ်ပွဲသဘင်လည်း ပြီးသွားဖြစ်၍ ကုန်သည်ကြီး၏ တွက်ကိန်းတို့ လွဲချော်ခဲ့ရသည်။ အဝေးမှ သယ်  ဆောင်ခဲ့ရသော ကုန်ပစ္စည်းများကို တဖန်ပြန်၍ မသယ်လိုတော့။

 ဤအရပ်မှာပင် နွေ၊ မိုး၊ ဆောင်း နေ ထိုင်ကာ ကုန်အောင်ရောင်းတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။


ခုနစ်ရက်မျှသာ အသက်ရှင်တော့မည့်အဖြစ်ကို မသိရှာသည့် ကုန်သည်ကြီး၏ စိတ်အကြံကို သိသော မြတ်စွာဘုရားရှင်သည် ပြုံးတော်မူ၍ အာရှင်အာနန္ဒအား မိန့်တော်မူသည်။


_“ယနေ့ပင်လျင် ကိလေသာကို ပူပန်စေတတ်သော လုံ့လကို ပြုအပ်၏။

နက်ဖြန်သေခြင်းကို အဘယ်သူ သိနိုင်အံ့နည်း။ 

များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် ငါတို့တွင်မရှိ” ( ဘဒ္ဒေက ရတ္တသုတ်)_


သူများကားစီးလျင် ငါတို့လည်း ကားစီးရနိုင်သည်၊ သူများထီပေါက်လျင် ငါတို့လည်း ထီပေါက်နိုင်သည် ဟု တွေးတတ်ကြသော်လည်း...

 သူများကားတိုက်သေလျင် ငါတို့လည်း ကားတိုက်သေနိုင်သည်၊ 

သူများ ကင်ဆာ ဖြစ်လျင် ငါတို့လည်း ကင်ဆာဖြစ်နိုင်သည်ဟု တွေးသူက ရှားပေလိမ့်မည်။ 


ထိုအကြောင်း ကြားရသည်ကိုက အမင်္ဂလာ ဖြစ်သည်ဟု ယူဆကြသည်။ 

မိမိတို့သည် မရေရာ မသေချာခြင်းများနှင့် ပြည့်နှက်နေသော ဘဝတွင် ရှင်သန်နေကြသည်ကို သတိမမူကြပေ။ 

အနာဂတ်စိတ်ကူးများ အိမ်မက်များဖြင့် ဘယ်တော့မှ မသေတော့မည့် သူလို ပြုမူနေထိုင်ကြသည်။ 

အကောင်းကိုသာ တောင့်တပြီး အဆိုးအတွက် ပြင်ဆင်မထားလျင်  ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ‘အဂတိ’ လိုက်စားသလို ဖြစ်နေသည်။


မဟာဓနကုန်သည်ကြီးလည်း အနာဂတ် မျှော်လင့်ချက်များဖြင့် စိတ်ကူးများ ရွှေရောင်တောင်ပနေပါ လိမ့်မည်။

 သို့သော် မြတ်ဘုရား၏ စကားကို ကြားသောအခါ ပြင်းစွာထိတ်လန့် သံဝေဂရသည်။ 

ဘုရားတည်း ဟူသော သူတော်ကောင်းကို အမှီရလိုက်၍ ပြင်ဆင်ချိန် ရသွားသည်။ သေခြင်းတရားကို မတားနိုင်ခဲ့သော် လည်း သံသရာအတွက် ဘဝအာမခံချက် ရရှိခဲ့သည်။  

အပါယ်တံခါး ပိတ်သွားခဲ့၍ အသေကောင်း ဖြစ်ခဲ့သည်။


စကားတစ်ခုရှိသည်။


“လူ့ဘဝဖြစ်စဉ်တွင် အဖြစ်အပျက် သုံးခုရှိသည်။ 

မွေးဖွားခြင်း၊ 

အသက်ရှင်ခြင်း   နှင့် 

သေဆုံးခြင်း       တို့ဖြစ် သည်။


* မွေးဖွားခဲ့သည်ကို မမှတ်မိတော့၊ 

* သေခြင်းတရားနှင့် ကြုံလာသည့်အခါ တုန်လှုပ် ချောက်ချားသည်၊ 

* အသက်ရှင်နေခိုက်တွင် နေဖို့အတွက် မေ့သွားသည်” ဟုဆိုသည်။


မောဟ၏ ပိတ်ဖုံးမှု၊ 

တဏှာ၏ ဆာလောင်မှုကြောင့်၊ 

လူတို့၏ အလိုဆန္ဒသည် အတောမသတ်နိုင်။ 

ပင်လယ်ထဲသို့ ရေဘယ်လောက်ဝင်ဝင် တော်ပြီ၊ တန်ပြီ၊ ပြည့်လျံနေပြီ မရှိသကဲ့သို့ ကာမဂုဏ် တောင့်တမှု သည်လည်း ဘယ်တော့မှ အလိုပြည့်ဝသည်ဟူ၍ မရှိ။ 


“ဒုက္ခီ သုခံ ပတ္ထယတိ‚ သုခီ ဘိယျောဘိ ဣစ္ဆတိ -   

ဆင်းရဲသူသည် ချမ်းသာမှုကို တောင့်တ၏။ ချမ်းသာသူသည် ပို၍ပို၍ ချမ်းသာချင်၏” (ဝိသုဒ္ဓိမဂ်)


စားဝတ်နေရေး အခြခံမပြည့်စုံသူက လိုအပ်ချက် အတွက်ရုန်းရသည်။ 

အခြေခံ ပြည့်စုံသူက လိုချင်မှု အတွက် ရုန်းပြန်သည်။ 

တိုက်တစ်လုံးမှသည် နှစ်လုံး၊ 

ကား တစ်စီးမှသည် နှစ်စီး၊ 

ကုမ္ပဏီ တစ်ခုမှသည် နှစ်ခု။ 

နှစ်ခုမှ နောက်နောက် သုံးခု လေးခု…။ အကြောင်းပြ ဆင်ခြေက အဆင်သင့် ရှိနေတတ်သည်။


ဂျာမနဒဿနပညာရှင် ရှိုပင်ဟောင်ဝါက “လူတွေဟာ တစ်ကယ်တော့ အကြောင်းရှိလို့ တစ်စုံတစ်ရာ ကို လိုချင်တာမဟုတ်ဘူး၊ လိုချင်လို့သာ အကြောင်းရှိအောင်လုပ်တာ၊ အကြောင်းရှိလာအောင် ရှာယူတာ။

 ယုတ္တိဗေဒဆိုတာ တခြားမဟုတ်ဘူး၊ လူရဲ့လိုချင်မှုကို မှန်ကန်တဲ့ လိုချင်မှုဖြစ်တယ်လို့ ခိုင်လုံသွားအောင် သက်သေပြတဲ့ ပညာကိုခေါ်တာ” ဟု ဆိုသည်။


ရှာဖွေမှု ၊ ပိုင်ဆိုင်မှုနှင့်အတူ ပြိုင်ဆိုင်မှု၊ 

မနာလိုမှု၊ မောက်မာမှု၊ ပူလောင်မှုတို့ကိုပါ လက်ခံနေရသည်။ 

ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ဒုစရိုက်များ ကျူးလွန်မိကြသည် အထိဖြစ်သည်။


ဤသို့ဖြင့် များမြှောင်လှသော လောကီကိစ္စအတွက် ရှာရင်း ဖွေရင်း ရုန်းရင်း ကန်ရင်း၊ ပျော်ရွင်လိုက် ပူလောင်လိုက်နှင့် အချိန်တို့ ကုန်ဆုံးလျက် ဘဝကို အဓိပ္ပါယ်ရှိရှိ အနှစ်သာရ ပြည့်ပြည့်ဖြင့် နေထိုင်ရှင်သန်ဖို့ မေ့သွားကြသည်။

 ပြင်ပအာရုံတွေနောက် တစ်ကောက်ကောက် လိုက်နေသည့်အခါ ... 

မိမိကိုယ်ကို ပြန်ရှာဖွေမှု မ ပြုနိုင်၊ 

သေခြင်းတရား အတွက်၊ သံသရာအတွက် ဘာပြင်ဆင်မှုမှ မလုပ်နိုင်လိုက်ဘဲ သေမင်းလက် ဝကွက် အပ်လိုက်ရမည့် အဖြစ်က ရင်လေးဖွယ်ရာ ကောင်းလွန်းလှသည်။  


ဗုဒ္ဓက လောကကြီးကို ဒုက္ခသစ္စာအဖြစ် ဟောသည်။ 

ပျော်ရွှင်မှုက နည်းနည်း,၊

 ခံစားရသည့် ဒုက္ခက များလွန်းသည်။ 


သတ္တဝါတို့၏ အမြဲနေအိမ်သည် အပါယ်လေးဘုံ ဖြစ်သည်။ 

လက်သည်းပေါ်က မြေမှုန့် နှင့် ကမ္ဘာမြေထုတို့ နှိုင်းမရအောင် ပမာဏ ကွာခြားသလို သေပြီးနောက် သုဂတိဘုံရောက်သူ  နှင့် 

ဒုဂ္ဂတိဘုံသို့ ရောက်သူ အရေအတွက် ကွာခြားမှုက ကြီးမားလွန်းသည်။ 

သုဂတိဘုံ ရောက်သူက မြေမှုန့်လောက်သာ ရှိသည် ဟု မြတ်ဘုရား ဒေသနာတွင် တွေ့ရသည်။


“ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ - 

_မေ့လျော့ပေါ့တန်စွာနေသူအတွက် အပါယ်လေးပါးသည် အမြဲနေအိမ် ဖြစ်သည်“ 

(ဓမ္မပဒ - ဋ္ဌ)_


နဂိုကတည်းက လောကအရှုပ်ထဲတွင် လုံးချာလည်လိုက်နေသော သတ္တဝါတို့သည် ဘုရားရှင်၏ တရား ကို ကြားလိုက်ရသောအခါ  ပို၍များ ပင်ပန်းသွားကြလေမလား။


ဆက်ရန်…


အရှင်ပညာသီရိ။

(ရမ္မာကျွန်း)

မှောင်တွင်စမ်း၍ လှမ်းရသော.....(၁)

https://rangoonmindful.blogspot.com/2022/09/blog-post_23.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၂)

https://rangoonmindful.blogspot.com/2022/09/blog-post.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၃)

https://rangoonmindful.blogspot.com/2022/09/blog-post_52.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၄)

https://rangoonmindful.blogspot.com/2022/09/blog-post_9.html

 မှောင်တွင်စမ်း၍ လှမ်းရသော...  (၅)  အဆက်

https://rangoonmindful.blogspot.com/2022/09/blog-post_15.html

Comments

Popular posts from this blog

မှောင်တွင်စမ်း၍ လှမ်းရသော (၃) အဆက်

မှောင်တွင်စမ်း၍ လှမ်းရသော.......(၄) အဆက်

ရှက်တတ်သလား