ရှက်တတ်သလား
ရှက်တတ်သလား
---------------------
အိမ်နှစ်အိမ်ဘေးချင်းကပ်၊ တစ်အိမ်မှာ အဘွားအိုတစ်ယောက်တည်းနေတယ်။ တစ်အိမ်မှာက သက်လတ်ပိုင်း အရွယ် လူငယ်တစ်ယောက်နေတယ်။
လူရွယ်က နောက်ရင်းပြောင်ရင်း အဘွားအိုကို တွေ့တိုင်းပြောတယ်
“အဘွား ... အသက်လည်းကြီးပြီ ... အဘွားအိမ်လေးရောင်းရင်ပြောနော်”
“မရောင်းပါဘူးကွယ် ... အဘွားသေရင် မြေးတွေရှိတယ်”
ဘေးအိမ်က အဲဒါကို မကျေနပ်တာ။ သူက တစ်အိမ်တည်း၊ တစ်ဆက်တည်းလိုချင်နေတာ။ အဘွားအိုက မရောင်းဘူးဆိုတော့ အမုန်းတွေပွားပြီး အမြဲပြဿနာရှာ။
အဘွားမနေနိုင်အောင် ငရုတ်သီးတွေလှော်တယ်။ အဘွားက စောင်ခြုံပြီးနေတယ်။
အဘွားမအိပ်နိုင်အောင် ကာရာအိုကေတွေဆိုတယ်။ အဘွားက တရားမှတ်နေတယ်။
အဘွားကို စောင်းမြောင်းဆဲတယ်။ အဘွားက မကြားသလို ပြုံးနေတယ်။
မုန်းနေသူတစ်ယောက်ဟာ ပြုံးပြတဲ့ဒဏ်ကို မခံနိုင်ဘူး။ သူမျှော်လင့်ထားတာက အမုန်းတရားကို အမုန်းနဲ့ တုံ့ပြန်လိုက်ရင် ရန်ပွဲတွေဆင်နိုင်ပြီပေါ့။ ဒါပေမဲ့ မမုန်းတတ်တဲ့နှလုံးသားကို မပြုံးအောင် တားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးပဲ။
ဘယ်လောက်တောင်အမုန်းစိတ်တွေ ပြင်းထန်လာသလဲဆိုရင် တစ်နေ့တော့ သူ့အိမ်က အမှိုက်ပုံးကို အဘွားအို အိမ်ထဲမှာ သွားချထားတဲ့အထိ လွန်ကျူးမိတယ်။
စိတ်ထဲမှာ
“အဘွားကြီး ဘုရားမရှိခိုးနိုင်တော့ဘူး” လို့တွက်ဆပြီးပျော်နေတယ်။
ဒါပေမဲ့ နံနက်မိုးလင်းချိန် အိမ်ပြင်ထွက်လိုက်တော့ အမှိုက်ပုံးတွေ့လိုက်တဲ့အဘွားကြီးက ဘာလုပ်သလဲ
အမှိုက်တွေကိုထုတ်၊ မြေမြှုပ်သင့်တာမြှုပ်၊ မီးရှို့သင့်တာရှို့လိုက်တယ်။ ပြီးတော့ အမှိုက်ပုံးကို ရေနဲ့ပြောင်အောင် ပွတ်တိုက်ဆေးလိုက်တယ်။
“ဒေါက် ... ဒေါက်”
“ဘယ်သူလဲ”
“အဘွားပါကွယ်”
သူကစိတ်ဆိုးမာန်ဆိုး တံခါးဖွင့်ပေးလိုက်တယ်
“သားရေ ... သားအမှိုက်ပုံးက ခွေးဆွဲလာပုံရတယ် ... အဘွားအိမ်ဘက်ကို ရောက်လာတယ် ... သားက အလုပ် များတာပဲ ... အမှိုက်မပစ်နိုင်ဘူးထင်တယ် ... အဘွားအမှိုက်တွေ ပစ်လိုက်ပြီ သိလား။ အမှိုက်ပုံးလည်း ဆေးပေး ထားတယ်။ နောက်ဆိုရင် အမှိုက်မပစ်အားရင် အဘွားခြံရှေ့လာချထား။ အဘွားပစ်ပေးမယ်”
အဘွားကလှည့်ထွက်မယ်လုပ်ပြီးမှ
“သားရေ ဓမ္မဒါနပါ ... စာအုပ်လေးတစ်အုပ် လှူခဲ့ပါရစေ”
အဘွားက သူ့ကို စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးသွားတယ်။
(ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် အမျက်ထွက်တတ်၏။ ပြင်းစွာ ပင်ပန်းခြင်းများ၏။
အနည်းငယ်ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏။ အမျက်ထွက်တတ်၏။ စိတ်နာတတ်၏။ ခက်ထန် တတ်၏။
အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြု တတ်၏။
ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့ကို လျစ်လျူရှုထိုက်၏။ မမှီဝဲထိုက်၊ မဆည်းကပ်ထိုက်၊ မချဉ်းကပ်ထိုက်။
မှီဝဲထိုက်၊ ဆည်းကပ်ထိုက်၊ ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း
သီလရှိသောပုဂ္ဂိုလ်
ကောင်းသောသဘောရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်သင့်သည်။
ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည့် ပျံ့နှံ့၍ထွက်၏)
(အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပုဂ္ဂလဝဂ်၊ ဇိဂုစ္ဆိတဗ္ဗသုတ်)
သူက အဘွားအိုပေးသွားတဲ့ စာအုပ်လေးထဲက စာတစ်ပိုဒ်ကို ဖတ်လိုက်တယ်
စာဖတ်တတ်တာပဲ ... နားလည်မှာပါ။
ဘာပြောပြောပါ သူယုတ်မာသလို ပြန်ပြီး မယုတ်မာတတ်ဘူးဆိုတာတော့ ပြောင်စင်နေအောင် ဆေးပေးထားတဲ့ အမှိုက်ပုံးလေးကိုကြည့်ပြီး ရှက်နေမိတာအမှန်။
တင်ညွန့်
၂၇.၁၁.၂၀၁၉

Comments
Post a Comment