မှောင်တွင်စမ်း၍ လှမ်းရသော (၃) အဆက်
_မှောင်တွင်စမ်း၍ လှမ်းရသော(၃)_
အဆက်…..
- ဂျပန်ကြီးတစ်ယောက်က
ဆရာတော်တစ်ပါးကို၊
မကျေမနပ်နှင့် လျှောက်သည်။
"ဗုဒ္ဓက လောကကို ဒုက္ခသစ္စာအဖြစ်ဟောတာဟာ အဆိုးမြင်ဝါဒပဲ။
ဒုက္ခကြီးသာဆိုရင် တပည့်တော်တို့ ကိုယ့်ကိုယ်ကို သတ်သေ လိုက် ရတော့မှာလား”
ဂျပန်ကြီးတွေးသလို တွေးမိကြလျှင်.. သံသရာအကြောင်း၊ လောကအကြောင်း၊ ဒုက္ခအကြောင်း၊ သေ ခြင်းအကြောင်းတွေကို မသိခြင်းကမှ စိတ်ချမ်းသာရအုံးမည်။ မိမိ ခန္ဓာတွင် ရောဂါ ရှိမရှိ စစ်ကြည့်ခိုင်းလျှင်ပင် မ စစ်ရဲကြပေ။
စစ်ကြည့်ပါက ကုသ၍ မရနိုင်တော့သည့် ကင်ဆာလို ရောဂါရှိနေပြီဆိုလျှင် စိတ်ဆင်းရဲပြီး စိတ်ကျ ရောဂါပါ ရသွားနိုင်သည်။
လတ်တလော စံစားနေရသည့် စည်းစိမ်သုခတွေတောင် ခံစားနိုင်မည် မဟုတ်တော့။
ဤမျှအထိ ဒုက္ခကို တွေးကြောက်သည်။
“Ignorance is Bliss -- ဘာမှမသိဘဲ မေ့လျော့နေသည်ကမှ ပို၍အဆင်ပြေနေသလိုလို၊ ကျေနပ်စရာ လိုလို”
ဗုဒ္ဓသည် ..ဒုက္ခကိုသာဟောပြီး
ဒုက္ခလွတ်လမ်းကို မပြခဲ့ပါလျှင်..
“လောကကြီးသည် ဒုက္ခတရား သက် သက်သာဖြစ်သည်” ဟူသော ဟောကြားချက်ကို အဆိုးမြင်ဟု ဆိုကောင်း ဆိုနိုင်ပါသည်။
လောက၏ ပကတိ သရုပ်အမှန်က
ဒုက္ခသစ္စာ ဖြစ်သည်။
ဆင်းရဲအမှန်ကို လက်ခံမှ ဆင်းရဲက လွတ်လမ်းကို ရှာချင်ကြမှာ ဖြစ် သည်။
ပြဿနာကို ပြဿနာမှန်း လက်ခံရသည်။
_ထို့ကြောင့် လောကကြီးသည် ဒုက္ခတရား သက်သက်သာ ဖြစ်သည်ဆိုသော အမြင်သည် အဆိုးမြင်မဟုတ်၊ အမှန်မြင်သာ ဖြစ်သည်။_
“ငါ့ရှင်တို့ ..
ဆင်းရဲကို ပိုင်းခြား၍ သိမြင်ခြင်းငှာ မြတ်စွာဘုရား၏ ထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏”(ကိမတ္ထိယသုတ်)
ဘုရားရှင် ၏ ဝါဒသည် ..
ဒုက္ခတရားမှ ပုန်းခိုရှောင်လွှဲ၍ လွတ်လမ်းရှာသော ဝါဒမဟုတ်။
အရှိတရားကို အရှိအတိုင်း ရင်ဆိုင်ရသော ဝါဒဖြစ်သည်။
ပြဿနာကို ပြဿနာဟု လက်ခံလိုက်မှသာ ပြဿနာဖြစ်ကြောင်းကို ရှာဖွေဖော် ထုတ်၍ ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။
ဘုရားရှင်က အကျိုးတရားကို မငြင်းဆန်
မတွန်းလှန်ခိုင်း။
အကြောင်းကိုသာ ဖော်ထုတ် ရှင်းလင်းခိုင်းသည်။
ပြဿနာဖြစ်ကြောင်း မရှိလျင်
ပြဿနာဆိုသော ဒုက္ခတရား မဖြစ်ပေါ် လာနိုင်တော့ပေ။
ဤလမ်းကို ပြသရန် ဘုရားပွင့်လာခဲ့ခြင်း ဖြစ်သည်။
(၃)
သတ္တဝါတို့သည် အကြောင်းအကျိုးဆက်သွယ်မှု ဝေးကွာနေသည့်အခါ ..
အကြောင်းအပေါ် သိပ်ဂရုမ စိုက်ကြပေ။
အကုသိုလ်ပြုလျင် အပါယ်ရောက်မည်၊ ကုသိုလ်လုပ်လျင် သုဂတိရောက်မည်။
ဤဆက်သွယ်မှုက ဘဝနဲ့ချီပြီး ဝေးကွာနေသောအခါ လတ်တလောစိတ်ချမ်းသာမယ်ဆိုလျင် ကုသိုလ်ကိုလည်း ပြုသည်။
အကု သိုလ်လည်း ပြုရဲကြသည်။
ဘဝဒုက္ခ၊ သံသရာဒုက္ခ နှင့် သေခြင်းတရား တို့ကို နည်းနည်းလေးမျှပင် ငဲ့စောင်းမကြည့်တော့။
အစိုး မရသော သေခြင်းကြီးရှိနေလျက်ကပင် တစ်ဦးပေါ်တစ်ဦး ဣဿာမစ္ဆရိယ တွေထားကြ၊
ဒေါသ မာနများဖြင့် တိုက်ခိုက်ကြ နှင့် အလွန်ရုပ်ဆိုးလှသည်။
သတ္တဝါများ အကယ်၍သာ မသေတတ်ပါလျင် နဂိုဒုက္ခကြီးမှာ ဒုက္ခ တွေထပ်ပြီး ဒုက္ခဒုက္ခတွေ စုပြုံဖြစ်နေကြပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင်များသည် ရဟန္တာ မဖြစ်သေးသမျှ သေပြီးနောက် နောင်တစ်ဖန် ဘဝပြန်ရမည်ကို ယုံ ကြည်ကြပါသည်။
ဘဝသံသရာကို ယုံကြည်သည့်အတွက် ငရဲတွေ၊ နတ်တွေကိုလည်း ယုံကြည်သည်။ ငရဲ ရောက်မှာ ကြောက်ခြင်းကလည်း သေရမည်ကို ကြောက်ရသည့် အကြောင်းတစ်ချက်ဖြစ်သည်။
အကုသိုလ် ကံ၏ အကျိုးဆက်ကို မခံစားလို၍ ဖြစ်သည်။
အကုသိုလ် ၏ အကျိုးဆက်ကို မခံစားလိုသော်လည်း အကု သိုလ်ကံကိုကား မလွန်ကျူးဘဲ မနေကြ။
"နတ်ပြည်ရောက်မှာ ကျိန်းသေတယ်။
သေရဲမလား" ဆိုလျှင်လည်း သေရဲကြမည်မထင်ပေ။
သေပြီး လျှင် ဘဝပြတ်ပြီဟု ယုံကြည်သော ရုပ်ဝါဒီ ဥစ္ဆေဒဒိဋ္ဌိ သမားများလည်း မသေရဲကြပေ။
ဝတ္ထုကာမများ အပေါ် တပ်မက်လွန်းသည့် (ကာမတဏှာ) နှင့် လက်ရှိဘဝကို တပ်မက်လွန်းသော (ဘဝတဏှာ) ကြောင့် ဖြစ်သည်။
မိမိ၌ အားကိုးရလောက်သော ကုသိုလ်ကောင်းမှုရှိပြီး မြတ်စွာဘုရား၏ တရားတော်များအပေါ်၌ ခိုင်မြဲ သော သဒ္ဓါတရားရှိထားပါလျှင်၊
သေခြင်းကိုရဲရဲကြီး ရင်ဆိုင်ရဲသည်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေသည်။
သို့ သော် လူဆိုသည်ကား ..လူပီသစွာ ကောင်းမှုရော၊ မကောင်းမှုပါ ပြုလုပ်သည်။ သို့ဖြစ်၍ များသောအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတတ်သည်။
* သေခြင်း သုံးမျိုးရှိသည်။
၁။ ။ အဒ္ဓါမရဏ….တစ်ဘဝအပြီးသေခြင်း ၊
၂။ ။သန္တတိမရဏ….ခန္ဓာအစဉ် အေးရာမှပူ၊ ပူရာမှအေး ဖောက်ပြန်ပြောင်းလဲခြင်း ။
၃။ ။ခဏိကမရဏ….ခန္ဓာတို့၏ ခဏတိုင်းခဏတိုင်း ပြောင်းလဲနေခြင်း ၊တို့ဖြစ်ပါသည်။
လူအများ ကြောက်လန့်နေသည့် သေခြင်းသည်ကား .....
တစ်ဘဝအပြီးသေခြင်း ( အဒ္ဓါမရဏ ) ဖြစ်ပါ သည်။
ပုဂ္ဂိုလ် သတ္တဝါသေခြင်း ဖြစ်သည်။
ကျန်သည့် သေခြင်းနှစ်မျိုးကား ..
ပုဂ္ဂိုလ်သတ္တဝါ သဘောမပါသော ပရ မတ် တရားတို့၏ ပြောင်းလဲဖောက်ပြန်မှု ဖြစ်သည်။
_ပုဂ္ဂိုလ်သတ္တဝါ သေခြင်းသည် ပညတ်သတ်မှတ်ချက်ဖြစ်သည်။_
သတ္တဝါဆိုသည်ကား ပရမတ္ထ အားဖြင့် ထင်ရှားမရှိချေ။
*အာပန (ရုပ်ဇီဝိတ - ရုပ်သက် )၊
*ဥသ္မာ(ကိုယ်ငွေ့)၊
* ဝိညာဏ် သုံးခုပေါင်း၍ ဖြစ်ပေါ်နေ သောရုပ် နာမ်အစဉ်ကို သတ္တဝါဟုခေါ်ခြင်း ဖြစ်ပါသည်။
- ဤသုံးခု တစ်ဘဝအစဉ် ပြတ်ခြင်းကိုပင် သတ္တဝါသေသည်ဟု သတ်မှတ်သည်။
ပရမတ္ထအားဖြင့်မူ _သတ္တဝါမရှိ၍ သေခြင်းဆိုတာလည်း မရှိပေ_။
ပရမတ္ထတရား _(ရုပ်နှင့်နာမ်) တို့၏
စက္ကန့်မ လပ် ပြောင်းလဲဖောက်ပြန် ပျက်ဆုံးနေခြင်းသာလျှင် ရှိသည်_။
သေခြင်းဆိုသော ကိစ္စသည် ရုပ်နှင့်နာမ် သာရှိ သော ခန္ဓာကိုယ်၌ ရုပ်ကနာမ်ကို ခွဲသွားခြင်း၊ နာမ်ကရုပ်ကို ခွဲသွားခြင်းမျိုး မဟုတ်ပေ။
သိတတ်သော နာမ် နှင့်
အသိခံတတ်သော ရုပ် တို့၏ ဖောက်ပြန်ပြောင်းလဲ ပျက်ဆုံးခြင်းသည်..
ခန္ဓာရစ ဘဝအစ ကပင် စက္ကန့်မလပ် ဖြစ်ပေါ်နေသည်။
ဖြစ်လိုက် ပျက်လိုက်ဖြင့် သန္တတိအစဉ်တန်းကြီး၏ လျှင်မြန် မှု ကြောင့်.. အကောင်အထည်အဖြစ် ထင်ယောင်ထင်မှား ပေါ်လာရခြင်း ဖြစ်သည်။
ထိုကဲ့သို့ အကောင်အထည် ထု ထည်နှင့် ပေါ်လာ၍လည်း ပုဂ္ဂိုလ် သတ္တဝါဟု ပညတ်လိုက်သည်။
မီးစကိုကိုင်၍ ဝှေ့ယမ်းလိုက်သောအခါ
မီး ကွင်းအဖြစ် မြင်ရသကဲ့သို့ ဖြစ်သည်။ အမှန်တကယ်တွင် မီးကွင်းမဟုတ်။
မီးစတစ်စသာ ဖြစ်သည်။
ဝှေ့ရမ်း သည့်အရှိန် လျင်မြန်မှုကြောင့်
မီးကွင်းအဖြစ် ထင်ယောင်ထင်မှား မြင်ရခြင်း ဖြစ်သည်။
ထိုထင်ယောင် ထင်မှား မြင်မှုအတိုင်းပင်
မီးကွင်းအဖြစ် သတ်မှတ်ခေါ်ဝေါ် ကြခြင်းဖြစ်သည်။
သတ္တဝါတို့သည် ခန္ဓာ၏ မူရင်းဖြစ်သော
ပရမတ်တို့၏ ပြောင်းလဲမှုကို မသိမမြင်ကြတော့ဘဲ ၊
အကောင် အထည် ပညတ်သဏ္ဌာန်ကို
အရှိ ထင်နေကြ၍ ထိုပညတ်အပေါ်၌ စွဲစွဲလမ်းလမ်း ဖြစ်လာသည်။
အခိုင်အမာဟု ထင်လာသည်။
မိမိ စွဲလမ်းနှစ်သက်၍ အခိုင်အမာအရှိ ထင်ထားသောအရာကြီး ပျက်စီးရတော့မည်ဟု သိ သောအခါ ကြောက်လန့်ကြပါတော့သည်။
အချို့က ရုပ်ကိုစွဲလမ်းသည်။
အချို့က နာမ်ကိုစွဲလမ်းသည်။
ရုပ်ဝါဒ ဥစ္ဆေဒဒိဋ္ဌိများက နာမ်ရှိသည်ကို
မယုံကြည်ကြပေ။
သည်ရုပ်သာလျှင်ဘဝဖြစ်ပြီး ၊
သည်ရုပ်ချုပ်လျှင် ဘဝပြတ်ပြီ ဟု အယူရှိသည်။ သည်ရုပ်အပေါ် တပ်မက်နေသဖြင့် သေရမည်ကိုကြောက်သည်။
နာမ်ဝါဒီအချို့က သေခြင်းဆိုသည်မှာ
ရုပ်ထဲကနာမ်ထွက်သွားပြီး ၊
အခြားဘဝက ရုပ်ခန္ဓာတစ်ခုထဲသို့ ဝင်ရောက်သွားသည်ဟု ယူဆကြသည်။
ဝိညာဏ်ကိုအတ္တစွဲသော သဿတဒိဋ္ဌိ ဖြစ်သည်။ အချို့သော ဗုဒ္ဓဘာ သာဝင်များ၌လည်း ဤအတွေးခေါ် စိမ့်ဝင်နေပါသည်။
ဆက်ရန်….
အရှင်ပညာသီရိ။
(ရမ္မာကျွန်း)
မှောင်တွင်စမ်း၍ လှမ်းရသော.....(၁)
https://rangoonmindful.blogspot.com/2022/09/blog-post_23.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၂)
https://rangoonmindful.blogspot.com/2022/09/blog-post.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၃)
https://rangoonmindful.blogspot.com/2022/09/blog-post_52.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၄)
https://rangoonmindful.blogspot.com/2022/09/blog-post_9.html
မှောင်တွင်စမ်း၍ လှမ်းရသော... (၅) အဆက်
https://rangoonmindful.blogspot.com/2022/09/blog-post_15.html

Comments
Post a Comment