မှောင်တွင်စမ်း၍ လှမ်းရသော... (၅) အဆက်
မှောင်တွင်စမ်း၍ လှမ်းရသော...
(၅)
အဆက်…
တိဗက် တွေက သေချိန်တွင် ‘ဗာရဒို’ လုပ်ကြသည်။
‘ဗာရဒို’ဆိုသည်မှာ သေခါနီးအချိန်တွင် မေ့ မျောသွားအောင် အိပ်မွေ့ချသည့်နည်း ဖြစ်သည်။
သေခြင်းတရားကို ကြောက်လန့် ရုန်းကန်ပြီး ရင်မဆိုင်ချင်၍ မေ့မျောအောင်လုပ်ပြီး သေသည့်နည်း ဖြစ်သည်။
ခေတ်အဆက်ဆက်က ဒဿနဆရာများသည် လောကပြဿနာများကို သူတို့နည်း သူတို့ဟန်ဖြင့် ဖြေရှင်းရင်း လောကကြီးကို အတုအယောင်အဖြစ် အတော်အတန် သိခဲ့ကြသည်။
မြင်နေရသည့် အရာများ သည် အတုအယောင်တွေ ဖြစ်သည်။
သစ်ပင်သည် အခုသစ်ပင်၊ တော်ကြာသစ်တုံး၊ ခဏနေ စားပွဲအဖြစ် အမျိုးမျိုး ပြောင်းလဲနေသည်။
သို့ဆိုလျင် သစ်ပင်သည် အစစ်အမှန် မဟုတ်တော့။
ပုံသဏ္ဌာန် အရာဝတ္တုများသည် အစစ် အမှန်များ မဟုတ်ကြ။ အမျိုးမျိုး ဖောက်ပြန် ပြောင်းလဲနေကြသည်။
သူတို့က လက်တွေ့ မျက်တွေ့ကို အခြေခံ၍ ကြံဆရှာခဲ့ခြင်းကြောင့် အစစ်ရှိမယ်မှန်း တွေးခဲ့ကြသော် လည်း မတွေ့ခဲ့ကြချေ။ သဏ္ဌာန်ရှိသော သတ္တဝါဆိုသည့် သက်ရှိ သတ္တလောကနှင့် တော၊တောင်၊ရေ၊မြေ၊ အိုး၊အိမ် သက်မဲ့ သြကာသလောကကို
အတုလောကအဖြစ် နားလည်ပါသော်လည်း ရုပ်၊နာမ်၊ ပရမတ်အစစ် ၊သင်္ခါရလောကအထိ ဉာဏ်ထောက်မမီခဲ့။
ထို့ကြောင့် သဏ္ဌာန်ကင်းသော အမှန်တရားကို ထိုးထွင်းမသိဘဲ ဖြစ်နေသည်။
ကိုယ်ထင်ရာနည်းဖြင့် လောကပြဿနာများကို ဖြေရှင်းဖို့ကြိုးစား ကြသော်လည်း ပြဿနာ၏ ရင်းမြစ် ကို မသိကြသဖြင့်
ဖြေရှင်းနည်း အလွဲလွဲ အချော်ချော်များနှင့် ကြုံခဲ့ကြသည်။
တစ်ချို့က လောကပြဿနာများ အတွက် (ဖန်ဆင်းရှင်)ဆီ စုပုံချပြီး စိတ်ဖြေသိမ့်လိုက်သည်။
(လက်တွေ့၊ မျက်တွေ့)ထက်
(ဉာဏ်တွေ့ ) ၏ ထိုးထွင်းသိမြင်မှုကို ဘုရားရှင်ကလွဲ၍ ကျန်သတ္တဝါများ သည် ညွှန်ပြပေးသူရှိမှသာ သိနိုင်သည်။
ထိုးထွင်းသိမြင်ဉာဏ်ကို ကြားနာရုံဖြင့် မရ။ အကြိမ်ကြိမ် လေ့ကျင့်သား ပြည့်ဝနေမှသာ ဖြစ်နိုင်သည်။ ဘုရားရှင်၏ လမ်းပြညွှန်ကြားချက်အတိုင်း မသွေမတိမ်း မဆုတ်မနစ် ကြိုးကုတ်အားထုတ်မှ ပေါက်မြောက် နိုင် ပါသည်။
ဤသည်ကိုပင် ဝိပဿနာတရား အားထုတ်ခြင်းဟု ဆိုသည်။
ဝိပဿနာ အလုပ် သည် ..
ဗုဒ္ဓမြတ်စွာ သာသနာတော်၌ အကောင်းဆုံးသော ကုသိုလ်ကောင်းမှု ဖြစ် သည်။
သဘာဝတရားကြီး၏ မူလသဘောကို သိမြင်၍ ..အနတ္တဉာဏ်ကို ဖြစ်ပေါ်စေသည်။
အနတ္တဉာဏ်ကို ပိုင် ပိုင်ရထားလျှင် မရဏတရားကို ထူးပြီး ကြောက်လန့်မနေ။ သူတော် ကောင်းတရားကို အဆုံးစွန်အထိ ယုံကြည် မှု ဖြစ်လာသည်။
ဘဝ၊ ခန္ဓာ၊ သံသရာ၊ သေခြင်းတရားအပေါ် ယုံမှားမှု သံသယ ကင်းသည်။
သေသူ မရှိတာကို သိသည်။
အကြောင်းဆုံလာလျှင် ဖြစ်တတ်ပျက်တတ်သော သဘာဝကို နားလည် သည်။
ထို့ကြောင့် အနတ္တဉာဏ် ကိုသာ အားကိုးသည်။
ဤဉာဏ်သည် မေ့လွယ် ပျောက်လွယ်သော အရာမျိုးမ ဟုတ်။ ဘယ်လောက်သုံးသုံး ကုန်ခန်း သွားမည့် အရာမျိုးလည်း မဟုတ်။
ဤအသိရှိလျှင်
သေခြင်းကို မိတ်ဆွေလို သဘောထားနိုင် လာပါလိမ့်မည်။
သေခြင်း ဆိုသည်သာ မရှိ လျှင် ခန္ဓာဘုံကြီးက ကျွတ်လွတ်ခွင့်ရှိတော့မည် မဟုတ်ပေ။
မြတ်စွာဘုရားရှင်က
သေခြင်းကို ဒုက္ခအဖြစ် ဟောထားပါသည်။ ဝိပဿနာ ဉာဏ်ရှိသူသည် ခန္ဓာ ဒုက္ခကို နားလည်သည်။
သေခြင်းဒုက္ခကို လက်ခံသည်။
မည်သည့်ဒုက္ခပင်ဖြစ်စေ ဒုက္ခတရားသည် ရှောင်လွှဲ၍ မရဘဲ ရင်ဆိုင်ဖြေရှင်းရသည့် သဘောရှိသည်။
သေတတ်သော ခန္ဓာကိုယ် ရရှိထားသူသည် ဤဘဝသေ ခြင်း ကို အပြုံးဖြင့် ရင်ဆိုင်နိုင်အောင် ကြိုးစားရင်း သံသရာ၌ ခန္ဓာ ထပ်မရစေရန် အားထုတ်ရသည်။
ခန္ဓာရှိလျင် သေ ခြင်းလည်း ရှိသည်။
ခန္ဓာမရှိလျင် သေခြင်းမရှိတော့။
သောတာပန် ဖြစ်ထားလျှင် ...
ဘဝတဏှာရှိသော်လည်း အတ္တ ဖြင့်ဆုပ်ကိုင် မထားတော့သည်ဖြစ်၍
တယ် မပူတော့ပေ။
သောတာပန် မဖြစ်သေးသော်လည်း
အသင့်အတင့် နှလုံးသွင်းတတ်လျှင် ထိုသူလည်း အပူ လျော့နိုင်ပါသည်။
(၃)
ရိပ်သာတစ်ခုတွင် ဆယ်စုနှစ်ကျော်အထိ အမြဲတမ်းနေသည့် ယောဂီဒကာကြီးတစ်ယောက် နေ မကောင်းဖြစ်သည်။ ဆေးလိပ်၏ တန်ခိုးပြမှုကြောင့် အဆုတ် ကင်ဆာဟုဆိုသည်။ အများဆုံး ၃လသာ အသက် ရှင်နိုင်မည်။
မကျန်းမာသည့်အတွက် သားသမီးမြေးမြစ်တို့၏ အစောင့်ရှောက်ကို ခံယူရန် အိမ်ပြန်နားနေသည်။
တစ်လလောက်အကြာ ဥပုသ်ရက်တစ်ရက် ကျောင်းကိုလာသည်။ အနည်းငယ် ပိန်သွားသည် ကလွဲ၍ ဘာမှမဖြစ်သလို တွေ့ရသည်။ ကျောင်းတွင် နှစ် ဆယ်နှင့်ချီ၍ နေလာသောကြောင့် ကိုရင်၊ ဦးဇင်းတွေနှင့် ရင်း ရင်း နှီးနှီး စလိုက်နောက်လိုက် ဖြစ်နေသည်။ တစ်လကျော်လောက် ပျောက်သွားပြီမှ ပြန်တွေ့သောအခါ " ဟာ ဒကာကြီး ၊ ဒကာကြီးခုလောက်ဆို ဂိမ်းသွားပြီထင်တာ၊ မဂိမ်းသေးပဲကိုး" ဟု ဦးဇင်းတွေက စနောက်ကြသည်။
"တပည့်တော်မသေဘူး၊ ရေကူးတတ်ပါတယ် ဦးဇင်းရဲ့ " လို့ သူကပါ ပြန်နောက်နေသေးသည်။
သူ့မျက်နှာကို သတိထားပြီး စောင့်ကြည့်မိသည်။ သူဟန်ဆောင်နေခြင်း မဟုတ်ပါ။ တကယ့်ကို ပေါ့ပေါ့ ပါးပါး ပြောနေခြင်း ဖြစ်သည်။ “တရားသမားအမည်ခံပြီး သေရမှာကြောက်တယ်ဆိုရင် သိက္ခာကျတယ်” ဆို သည့်စိတ်ကြောင့် "ကြောက်ကြောက်နှင့် ဟန်ကိုယ့်ဖို့" မာန်တင်းထားသည့် မျက်နှာပေးမျိုး မမြင်ရချေ။
တကယ့်ကို သေမှာမကြောက်သည့် ဥပဓိရုပ်မျိုး။
သေမိန့်ကျထားသည့် လူတစ်ယောက်ကို သိသိနှင့် မသေသေးဘူးလားလို့ စနောက်ခြင်းကို အေးအေး လူလူ တုန့်ပြန်နိုင်သည့် သတ္တိ ကတော့ တကယ့်အာဂလို့ပဲ ဆိုရမည်။
နောက်တစ်ပတ် ကြာသောအခါ ဒကာကြီးဆုံးသွားပါသည်။
တကယ်သေသောအခါလည်း အေးအေး ဆေးဆေး ရင်ဆိုင်သွားသည်ဟု သိရသည်။ သူ့အတွက် ကျေနပ်စရာကောင်းပါသည်။
ယောဂီဒကာကြီးသည် ‘ငါ’ ကို ခပ်ပါးပါးလေး ထားခဲ့ပုံရသည်။
အသေလေးတွေကို မြင်ခဲ့သော ယောဂီကြီးအတွက် တစ်ဘဝသေခြင်း ဆိုသည်ကို ထိတ်လန့်စရာအဖြစ် ဘယ်မြင်တော့မည်နည်း။ သေတတ်လေ ခြင်း။
နိက္ခမ္မဦးဇင်းကြီး နှင့် ယောဂီကြီး သည် သက်တူ ရွယ်တူလောက် ဖြစ်သည်။
ဆေးလိပ်ကြောင့် ဖြစ်သော အဆုတ်ကင်ဆာရောဂါဖြင့် သေဆုံးကြခြင်းလည်း တူသည်။
သို့သော် သူတို့၏ သေခြင်းတရားကို ရင်ဆိုင်ပုံက မတူကြ။ ထို့ကြောင့် လားရာဂတိလည်း မတူနိုင်။
ဝေဘူဆရာတော် ဘုရားကြီးက...
“အချိန်တွေမကုန်စေနဲ့၊ ဝတ်လို့အချိန်ကုန်၊ စားလို့အချိန်ကုန်၊ ပျင်းလို့အချိန်ကုန်၊ ကံကောင်းလို့ လူ့ ပြည်ရောက်လာတာ၊ ကုသိုလ်မဖြစ်ဘဲ အချိန်ကုန်သွားရင် ပြီးရောဗျာ..။
အနို့...ဒို့ ဒါယကာ ဒါယိကာမတွေ သေရမှာတော့ သေချာတယ်နော်။
(သေချာပါတယ်ဘုရား)..နေရဖို့ကော..(မသေချာပါဘုရား)” ဟု ဆုံးမသည်။
ဦးဇင်းကြီး နှင့် ယောဂီကြီး တို့သည် သေမှာသေချာတာကို ကြိုတင်လက်ခံခဲ့ကြသလား? မသေခင် အချိန်တွေကို ဘယ်လို ကုန်ဆုံးစေခဲ့သလဲ…? သေခြင်းအတွက် ဘယ်လို ပြင်ဆင်ခဲ့ကြသလဲ.?
ကျွန်ုပ်တို့ လောလောဆယ် မသေကြသေးပါ။ သေမှာကတော့ ကျိန်းသေပါသည်။ သည့်အတွက် ဘာ တွေပြင်ဆင်ထားပါလဲ..? သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မည်ဟု အစီစဉ်ဆွဲထားပါသလဲ…?
လေထီးခုန်တော့မည့် လေတပ်သားတစ်ဦးက သူ့ဆရာကို “လေထီးအခြေနေ သိပ်မကောင်းဘူး၊ နောက်တစ်ခု လဲချင်ပါတယ်” တောင်းဆိုသောအခါ
ဆရာက “ခုန်ချကြည့်လိုက်ပါကွာ၊
မကောင်းတော့ ပြန် လဲပေါ့” လို့ ပြောသည်။
ဘဝမှာ နောက်တစ်ကြိမ် ပြင်ဆင်ဖို့ အခွင့်ရေး မရနိုင်တော့သည့် အခြေနေမျိုးတွင် သေခြင်းတရား လည်းပါသည်။
လေထီး ကောင်းမကောင်းကို အသက်နဲ့ရင်း၍ စမ်းသပ်နေရမည့် အဖြစ်မျိုး။ နောက်ဆုံး သေပေါက်ဝ ရောက်သောအခါ တစ်သက်တာလုံး မေ့လျော့စွာနေခဲ့ခြင်း၏ အကျိုးအပြစ်ကို သိမြင်သော်မှ
ပြင်ဆင်ခွင့် မရတော့။
နောင်တ တရားတို့ဖြင့် တွေဝေစွာ သေဆုံးကြတော့သည်။
မေ့လျော့ပေါ့တန်စွာ နေခဲ့ခြင်း၏ အကျိုးကား .. အနေလည်းမကောင်း၊ အသေလည်းမကောင်းချေ။
မောဟဖြင့် အမှောင်ထဲတွင် စမ်းတဝါးဝါး အသက်ရှင်လျက် မောဟဖြင့်ပင်သေဆုံးကာ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် သံသရာကို လှမ်းရမည် ဆိုပါက….။
“နောင်တသံသရာ”
ကြံမိမှား၍..
တရားနောင်တ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ဆိုမိမှား၍..
တရားနောင်တ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ပြုမိမှား၍..
တရားနောင်တ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
နောင်တကင်းရာ၊ မြတ်ချမ်းသာကို
ငါလျှင်ဘယ်နံ့၊ ရပါအံ့ဟု
မျှော်ငံ့ခိုက်တွင်၊ နေမင်းဝင်သည်
မှောင်တွင်စမ်း၍၊ လှမ်းရသော။
(မင်းသုဝဏ်)
အရှင်ပညာသီရိ။
(ရမ္မာကျွန်း)
မှောင်တွင်စမ်း၍ လှမ်းရသော.....(၁)
https://rangoonmindful.blogspot.com/2022/09/blog-post_23.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၂)
https://rangoonmindful.blogspot.com/2022/09/blog-post.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၃)
https://rangoonmindful.blogspot.com/2022/09/blog-post_52.html
မှောင်တွင်စမ်း၍ လှမ်းရသော.....(၄)
https://rangoonmindful.blogspot.com/2022/09/blog-post_9.html
မှောင်တွင်စမ်း၍ လှမ်းရသော... (၅) အဆက်
https://rangoonmindful.blogspot.com/2022/09/blog-post_15.html

Comments
Post a Comment