မှောင်တွင် စမ်း၍ လှမ်းရသော

 _မှောင်တွင် စမ်း၍ လှမ်းရသော_



(၁)

ဆေးသွင်းပိုက် တွဲလောင်း၊ အောက်ဆီဂျင်ပိုက် တန်းလန်းနှင့် ကုတင်ထက်တွင် ထိုင်နေသော သူ့ကို တွေ့လိုက်ရသည်။ ယူလာသော စားဖွယ်များကို ချ၍ သူ့မျက်နှာကို အကဲခတ်ကြည့်မိသည်။ ညှိုးရော်ရော်မျက် နှာတွင် တင်းယောင်ယောင် သဘောလည်း တွေ့ရသည်။ ဝေဒနာနှင့် သည်းခံခြင်းတရားတို့ အားပြိုင်နေသည် ဟု ထင်သည်။


“ဘာမှ စားမဝင်တော့ပါဘူး ဦးပညာသီရိရယ်”


စစ်သွားလိုက်သည့် ကိုယ်ရေနဲ့အတူ အသံမာမာက ပျောက်နေပြီ။


‘အေ့’..ဆိုသည့်လေချင်တက်သံနောက်မှာ ‘အင့်’ ..ကနဲ  သံယောင်ထပ် လိုက်လာပြီး မျက်နှာရှံ့မဲ့သွား သည်။ ထွေးခံကိုယူ၍ သွေးထုပ်များကို ထွီကနဲ ထွေးထုတ်လိုက်သည်။


တစ်ချိန်တုန်းက ပါးစောင်မှာ ကွမ်းငုံရင်း ကွမ်းသွေး တဖတ်ဖတ်ထွေး အရသာခံခဲ့သည့် ပါးစပ်က ခုတော့ သွေးထုပ် ရဲရဲတွတ်တွတ်တွေကို ထွေးထုတ်နေရပြီကော။


ကျန်းမာရေး အခက်ခဲကြောင့် မြို့ပေါ်ကျောင်းမှာ သီတင်းသုံးဖို့ ဖြစ်လာတော့  စတင်သတိ ထားမိလိုက် တာက သူ့ကိုဖြစ်သည်။ ခြောက်ပေကျော်ရှိ အရပ်နှင့် လိုက်ဖက်သည့် တုတ်ခိုင်ညိုမောင်းသော ခန္ဓာကိုယ်နှင့် အမွှေးထူထူတွေ ရယ်ကြောင့် လူတစ်ယောက်ထက် လူဝံကြီးတစ်ကောင်နှင့် ပိုတူသည်။ 


အဆောင်ရှေ့တွင် ကိုယ်ပတ်သင်္ကန်းလေး မလုံ့တလုံပတ်ထားကာ နံနက်တိုင်း ကွမ်းတမြုံ့မြုံ ဆေး လိပ်တခဲခဲ နှင့် တံမျက်စည်း လှည်းနေတတ်သည့် သက်တော် ခြောက်ဆယ်ကျော် နိက္ခမ္မ ဦးဇင်းကြီးဖြစ်သည်။


လူ့ဘဝက ကာယအားကိုးနှင့် စျေးထဲမှာ မိုက်ကြေးခွဲ ဆက်ကြေးကောက်စားတတ်သည့် လူမိုက်လို့ လည်း ပြောကြသည်။ ကိုယ်ခန္ဓာနှင့် အချိုးညီမျှသော ဆွမ်းဘုဉ်းပေးမှုကလည်း ရှိတော့ ကျန်းမာလိုက်တာလဲ ဒေါင်ဒေါင်မြည်။ သူနှင့်ဆုံခဲ့သည့် သုံးနှစ်ကျော်အတွင်း ခေါင်းကိုက်သည် ဆိုတာမျိုးတောင် မတွေ့ခဲ့။


အသက်အရွယ်ရ အပေါင်းအဖော် မရှိပေမယ့် မိမိနှင့် ရံခါ စကားပြောဖော် ဖြစ်ခဲ့သည်။ နိက္ခမ္မရဟန်း တော်များ၏ လာဘ်လာဘ အခြေအနေကိုသိ၍  ကြုံရင်ကြုံသလို သူ့ကိုလှူဖြစ်သည်။ မိမိ ဆေးရုံတက်လျင် အချိုရည်ဗူးလေးနှင့် လူနာသတင်းမေး ရောက်လာတတ်သည်။


အခုတော့ ဆေးလိပ်တို့၏ အစွမ်းပြမှုကြောင့် သူ့ကို အဆုတ်ကင်ဆာ လူနာအဖြစ် ဆေးရုံသို့ မိမိက တစ်လှည့် သတင်းမေး ရောက်နေရသည်။


စီးကရက်ဆိုသည်မှာ “စက္ကူနှင့် ဗာဂျီးနီးယားဆေးကို ပြုလုပ်ထားသည့် ပိုက်လေးတစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။ ယင်းပိုက်၏ တစ်ဖက်စွန်း၌ မီးရှိနေပြီး အခြားတစ်ဖက်စွန်း၌ လူမိုက်ရှိနေသည်” ဟုအိန္ဒိယစာ ရေးဆရာ ဘိက္ခုအာနန္ဒာ ကောသလ္လယနက ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဆရာပါရဂူ၏ ဘဝခရီးသည်တွင် ဖတ် ဖူးသည်။


ဆေးလိပ်ကို ကျန်းမာရေး ဂရုပြုသော ပညာရှင်များက “ဆိပ်လိပ်” ဟု ခေါ်သင့်ကြောင်း ဆော်သြကြ သည်။ “အဆိပ်တွေကို လိပ်ထားသော အရာ” ဟု အနက်ထွက်သည့် “ဆိပ်လိပ်” သည် အနွတ္ထ အမည် ဖြစ်၍ ပိုသင့်လျော်သည်။


ဘိက္ခုအာနန္ဒာကောသလ္လယနက  စီးကရက်သုံးလိပ် ဆက်တိုက် စမ်းသောက်လိုက်သောအခါ တစ်နေ့ လုံး ခေါင်းကိုက်ဝေဒနာခံစားရပြီး စားမဝင် အိပ်မပျော် ဖြစ်သည်။ 


သုံးနှစ်တိုင်တိုင် စမ်းသောက်ကြည့်သည့် မိမိတွင် ဆေးလိပ်က ပြန်စမ်းသောအခါ အဆုတ်နှစ်ခြမ်း ဇ ကာ ဖြစ်သွားသည်။ 


တစ်သက်လုံး သောက်လာသော ဦးဇင်းကြီးကို ဆေးလိပ်က ကင်ဆာ လက်ဆာင်ပေးသည်။


ဆေးလိပ်သောက်ခြင်းကို “sucide by instalment - အရစ်ကျ သတ်သေခြင်း” ဟု ပညာရှင်တစ်ဦး က ဆိုသည်။ အဆိပ်ကဲ့သို့ တုန်းခနဲ သေတတ်သော အရာမျိုးမဟုတ်။ တစ်ရစ်ရစ်နှင့် ငွေကုန် လူပန်း ဖြစ်အောင် အထိ နှိပ်စက်ပြီးမှ သေတွင်းသို့ ပို့တတ်သော အရာဖြစ်သည်။


ဘဝကို ထီမထင် နေခဲ့သည့် ပုဂ္ဂိုလ် ဘဝတစ်ခန်းရပ် နှုတ်ဆက်ချိန်မှာကော ထီမထင် စိတ်ထားမျိုး ရှိသေးရဲ့လား သိချင်သည်။ အင်တာဗျုးလိုသော်လည်း အသက်ရှူမဝခြင်း၏ ဝေဒနာကို အဆုတ်ဇကာရှင် မိမိ ကောင်းစွာ ခံစားမိ၍ သူ့ကို စကားမပြောစေချင်။ မိမိလည်း မပြောချင်တော့။ 


“သေချိန် တန်ပါပြီလေ”


သက်တော် ခြောက်ဆယ်ကျော်အထိ နေခဲ့ပြီးပြီမို့ သေမယ်ဆို သေချိန်တန်တယ်လို့ ဆိုလေသလား၊ ရောဂါ နှိပ်စက်မှု ပြင်းထန်လွန်းသည့်အတွက် စိတ်ဓာတ်ကျသွားခြင်း ပေပဲလား၊ ဆရာဝန် လက်လျော့လိုက်မှန်း သိ၍ ဝေဒနာကို ဆက်မခံစားချင်သည့် အတွက်လား..။


အယူခံဝင်ခွင့်မရှိသည့် သေမိန့်လွှာ လက်ဝယ်ပိုင်ထားသူ၏ စိတ်ရေချိန်ကို အတိကျ မခန့်မှန်း တတ်ပေ မယ့် တုန်လှုပ်နေတာမျိုးကား မတွေ့ရ။ ငြင်းဆန်၍ မရနိုင်သည့် သေခြင်းတရားကို အသာတကြည် လက်ခံ ခြင်းက အသေချောသည်ဟု ဆရာဝန်များ၏ အတွေ့အကြုံရ သိရသည်။


နောက်နှစ်ရက်လောက်တွင် ဦးဇင်းကြီးပျံလွန်တော် မူသည်။ သူ့ဉာဉ်အတိုင်း သေခြင်းကိုကော ထီမ ထင် ရင်ဆိုင်သွားနိုင်ပါရဲ့လား..။


ဆက်ရန်….


အရှင်ပညာသီရိ။

(ရမ္မာကျွန်း)

မှောင်တွင်စမ်း၍ လှမ်းရသော.....(၁)

https://rangoonmindful.blogspot.com/2022/09/blog-post_23.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၂)

https://rangoonmindful.blogspot.com/2022/09/blog-post.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၃)

https://rangoonmindful.blogspot.com/2022/09/blog-post_52.html

မှောင်တွင်စမ်း၍ လှမ်းရသော.....(၄)

https://rangoonmindful.blogspot.com/2022/09/blog-post_9.html

 မှောင်တွင်စမ်း၍ လှမ်းရသော...  (၅)  အဆက်

https://rangoonmindful.blogspot.com/2022/09/blog-post_15.html

Comments

Popular posts from this blog

မှောင်တွင်စမ်း၍ လှမ်းရသော (၃) အဆက်

မှောင်တွင်စမ်း၍ လှမ်းရသော.......(၄) အဆက်

ရှက်တတ်သလား