တရားမှတ်တယ်
တရားမှတ်တယ်ဆိုတာ ဒုက္ခကို ထိုင်ကြည့်တာ။ ထိုင် ဆိုတာ
ဣရိယာပုတ်ကို ပြောတာမဟုတ်ဘူး ။ ဉာဏ် နဲ့ ထိုင်တာ။
နာကျင်ခံစားနေတယ် ဆိုပါတော့ ။ဒီဒုက္ခကို ကြည့်နေရင် ဝိပဿနာ ဖြစ်ရောလား။
ဒီလိုမျိုး သိရိုးနဲ့သာ ဝိပဿနာ ဖြစ်ကြေးဆိုရင် ဆေးရုံပေါ်က လူနာတွေ တရားသိနေကြမှာပေါ့။
ဒါကြောင့် နာကျင်ခံခက် ဒုက္ခဝေဒနာကို ဝိပဿနာ ရှုမရ။ နာကျင်ခံခက်နေတဲ့ ဒုက္ခဝေဒနာရဲ့ ဖြစ်ပျက်သဘောကို မြင်မှ ဝိပဿနာ ဖြစ်တယ်။ဒါကြောင့် ဒုက္ခဝေဒနာသိရုံဖြင့် ဝိပဿနာ မဖြစ်။
ဒါ အငြင်းပွားစရာ အစွန်းတစ်ဘက် ဖြစ်တယ်။
ဝိပဿနာဆိုတာ ထင်ရှားရာကိုသာ ရှုရတာ ဖြစ်လို့ နာကျင်ခံခက် တဲ့ ဖောက်ပြန်မှု ဒုက္ခကိုလည်း ရှုလို့ရရမှာပေါ့။
ကြည့်ရှုသူရဲ့ ဉာဏ်ရည် အတိမ်အနက်နဲ့ သဘောပေါက်မှု အတိုင်းအတာကသာ အဆုံးအဖြတ်ဖြစ်စေလိမ့်မယ်။
ဟုတ်ပြီ ၊ဒုက္ခကို ထိုင်ကြည့်တာမှာ ဒုက္ခကို _ငါ့ဒုက္ခ ဆိုတဲ့ အသိနဲ့ကြည့်လို့ကတော့ ပညတ်မစင်ဘူး။_
နာကျင်ဖောက်ပြန်တယ်။
ဒီအာရုံကို ငါ့ မှာနာတာ ၊ နာတာကို ငါခံစားနေတယ်၊ ငါသိနေတယ် ဆိုတဲ့ စိတ်အခံ ရှိနေရင်တော့ ဘယ်ဝိပဿနာ ဖြစ်လိမ့်မလဲ။
ဒီအသိကြောင့် အာရုံကို တုန့်ပြန်တဲ့ နေရာမှာ စိတ်ကတင်းမာနေတယ်။
ခံရခက်နေတယ် ။ ပင်ပန်းနေတယ်။
သတိအဆင့်တော့ရှိမယ် ။ ဉာဏ်မပါဘူး ။ ဒါကြောင့် ဒီအာရုံကို မရှုချင်ဘဲ အာရုံရွေးချင်လာတယ်။
နာကျင်တဲ့ ဖောက်ပြန်မှုအာရုံ ။
စိတ်မှာ ထင်ရှားလာပြီ ဖြစ်တဲ့အတွက် ခံစားသိနဲ့ သိနေပြီ ဖြစ်တယ်။
အာရုံဖောက်ပြန်မှုရုပ်တရား ။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ တစ်ခုခုက ထုတ်လုပ်ပေးလိုက်တဲ့ အရာ။
မည်သို့မျှ ထိန်းချုပ်ခြင်းငှာ မတတ်နိုင်တော့တဲ့ ဝိပါက အကျိုးတရား အရာဖြစ်နေပြီ ။
ဖောက်ပြန်မှု အာရုံ ,
အကျိုးတရား အနိဌာရုံ ,
အကြောင်းအထောက်ပံ့ကြောင့် ကံကပါဝင်ထုတ်လုပ်လိုက်တဲ့ မကောင်းတဲ့ ခံစားသိမှု စိတ် ဝေဒနာ အကျိုးတရား ထပ်ဖြစ်လာတယ်။
*အာရုံ ဖောက်ပြန်မှုကိုလည်း ထိန်းချုပ်မရ မတတ်နိုင်။
*ဖောက်ပြန်မှု အာရုံကြောင့် သိနေ ခံစားနေရတဲ့ စိတ်ကိုလည်း ငြင်းပယ်မရ ၊ထိန်းချုပ်မရ ၊မတတ်နိုင်။
မတတ်နိုင်တာ ၂ ခု၊
သူတို့အလုပ် သူတို့လုပ်နေကြတာ ဖြစ်တယ်။
ဘယ်မှာလည်း ငါ ။
အာရုံက ဒုက္ခဖြစ်ဖြစ် ၊ သုခဖြစ်ဖြစ် ၊ဥပေက္ခာ ဖြစ်ဖြစ် ၊
ဖြစ်ချင်ရာသာဖြစ်...ပရမတ်သာ စစ်ပါစေ။ _ရှုဉာဏ်ကတော့ ဥပေက္ခာ စစ်မှ ဖြစ်မယ်_။
ရှုဉာဏ်က ဥပေက္ခာမဆန်ရင်တော့ အာရုံတွေနဲ့နပန်းလုံးပြီး ပင်ပန်းနေကြမှာပဲ။
_ဒုက္ခကို ဥပက္ခောနဲ့ ထိုင်ကြည့်တာ..
ဝိပဿနာ ပဲပေါ့_ ။
အရှင်ပညာသီရိ။
(ရမ္မာကျွန်း)

Comments
Post a Comment